မမြင်ရသော အနုပညာ


အောင်သံငြိမ်း
ရုပ်ရှင်၊ ရုပ်မြင် အစီအစဉ်ကောင်းတစ်ခုဖြစ်ရန်အတွက် တည်းဖြတ်ခြင်း၏ကဏ္ဍသည်အရေးပါသည်။
တည်းဖြတ်ခြင်းသည်ရုပ်ရှင်၊ ရုပ်မြင်အစီအစဉ်များ၏ကောင်းခြင်းနှင့် ဆိုးခြင်းကိုဖန်တီးနိုင်သည်။ ဥပမာအား ဖြင့်ရိုက်ကူးရေးအပိုင်း အားနည်းချက်များရှိခဲ့သော်လည်း တည်းဖြတ်ခြင်းဖြင့်ကုစားနိုင်ပါက အစီအစဉ်ကောင်းတစ်ခု ဖြစ်နိုင်သည်။ ထိုနည်းတူရိုက်ကူးရေးအားနည်းချက်နည်းသော်လည်း တည်းဖြတ်ခြင်းအပိုင်း၌လိုအပ်မှုရှိပါက အစီအစဉ်ကောင်းတစ်ခုမဖြစ်လာနိုင်ပါ။ ထို့ကြောင့်တည်းဖြတ်ခြင်းကိုရုပ်ရှင်၊ ရုပ်မြင်အစီအစဉ်များအတွက်အဓိကကျ သည်ဟုဆိုရခြင်းဖြစ်သည်။
တည်းဖြတ်မှုပညာကို လေ့လာမည်ဆိုလျှင် ရှေးဦးစွာတည်းဖြတ်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုနားလည်ရန် လိုအပ်သည်။ ရိုက်ကွက် shot များအနက်အကောင်းဆုံး shot များဆက်စပ်လိုက်ရာမှ မိမိတို့လိုလားအပ်သော သဘောရသအဓိပ္ပါယ်မြောက်အောင် ဖန်တီးနိုင်ခြင်းကို တည်းဖြတ်ခြင်းအနုပညာ ဟုခေါ်သည်။
ဆိုခဲ့သည့်စကားစုတွင်ရိုက်ကွက် shot ဆိုသည်ကိုရှင်းပြရန်လိုမည်ဟုထင်သည်။ ‘shot’ သည် ရိုက်ကွက် တစ်ကွက်ဖြစ်သည်။ ရုပ်ရှင်၊ ရုပ်မြင်ကင်မရာ၏ Record ခလုတ်ကိုနှိပ်ပြီးစရိုက်ချိန်မှ ပြန်ရပ်သည့်အချိန်အထိကို ရိုက်ကွက်တစ်ကွက်ဟု သတ်မှတ်သည်။
တည်းဖြတ်ခြင်းအနုပညာကို စတင်မွေးဖွားပေးခဲ့သူမှာ Edison ကုမ္ပဏီမှ Edwin Porter ဖြစ်သည်။ ၁၉၀၂ ခုနှစ်တွင် သူသည်ကုမ္ပဏီရှိဖလင်မှတ်တမ်းများထဲမှ မီးလောင်ခြင်းသတင်းကားများကိုစုစည်း၍ လိုအပ်သည့်အခန်း များကိုထပ်မံရိုက်ကူးပြီး “The Life of An American Fireman” အမည်ရှိသော  ဇာတ်ကားတစ်ကားကို ဖန်တီးထုတ်လုပ်ခဲ့သည်။
ဇာတ်လမ်း၏အနှစ်ချုပ်မှာ မီးလောင်နေသောအိမ်ခန်းအတွင်းမှ အမေနှင့်သမီးငယ်တို့အားစွန့်စွန့်စားစား ကယ်တင်ခဲ့ပုံဖြစ်သည်။ ၎င်းဇာတ်လမ်းတွင် အခန်း (scene) ၇ ခန်းပါဝင်ပြီး ဖလင်ပေ (၄၉၀)ရှိသည်။
ထိုဇာတ်ကားမှ မိမိပေါ်လွင်စေလိုသော၊ ခံစားစေလိုသောအချက်အလက်တို့ကို အဆက်အစပ်ရှိစွာဖြင့် အဓိပ္ပါယ်ပေါက်စေနိုင်ရန်အတွက် ရိုက်ကွက် (shot) များကိုပေါင်းစပ်၍အခန်း(Scene) တစ်ခုကိုရရှိစေနိုင်သည် ဆိုသည့် ပညာရပ်သစ်တစ်ခုကိုရရှိခဲ့သည်။
ထိုမျှသာမက scene တစ်ခုရိုက်ရာတွင်လှုပ်ရှားမှုအရ Action များအားဆက်စပ်ရန် ပထမ ရိုက်ကွက်နှင့် ဒုတိယရိုက်ကွက်တို့ (၂) ခုပေါင်းစပ်ခြင်းဖြင့် မိမိတင်ပြလိုသည့် အဓိပ္ပါယ်သက်ရောက်ကြောင်း၊ Scene တစ်ခုသည် အခြားသော Scene များနှင့်ဆက်သွယ်၍ တစ်ခုနှင့်တစ်ခုအမှီသဟဲပြုကြောင်း၊ Scene တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရကြောင်း၊ အစရှိသည့်အယူအဆကို ဖော်ထုတ်နိုင်ခဲ့သည်။
ထိုသို့ဖလင်များ ပြန်လည်ဖြတ်တောက်ဆက်စပ်ခြင်း၊ နေရာအထားအသို ပြန်လည်ပြုပြင်ပြောင်းလဲရန် တစ်ခုပြီးတစ်ခုစဉ်ထားခြင်းကို တည်းဖြတ်မှုဟုခေါ်သည်။ တည်းဖြတ်ခြင်းဖြင့်သာ မိမိဖော်ပြလိုသော ၊ ခံစားစေလို သော၊ ရှင်းလင်းတင်ပြလိုသော အချက်တို့ကိုပြောင်မြောက်စွာ ဖော်ကျူးနိုင်သည်။
၎င်းဆက်စပ်မှုမျိုးကို Edwin Porter ကတည်းဖြတ်ခြင်းအနုပညာအဖြစ် (သို့) မမြင်ရသောအနုပညာ တစ်ရပ်အဖြစ်မွေးဖွားပေးခဲ့သည်။
ထို့အပြင် “The life of An American Fireman” ဇာတ်ကားသည် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား၏ အင်္ဂါရပ်ဖြစ်သော “အခင်း၊ အခက်၊ အဖြေ” တို့ဖြင့် ပြည့်စုံသော၊ ရုပ်ရုပ်ရသကိုဖန်တီးသည့် ပထမဆုံးသော ရုပ်ရှင်ကားအဖြစ်လည်း မော်ကွန်းထိုးနိုင်ခဲ့သည်။
Sources 1979/80
ဒေသကောလိပ်ရုပ်ရှင်အတတ်ပညာ
သင်တန်းမှ ပို့ချချက်များ

0 comments:

Post a Comment